သရက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

သရက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ရာ ပွဲတော်ကျင်းပရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စာဖတ်ရှိန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ ဗဟုသုတကြွယ်ဝသည့် အသိပညာရှင် အတတ်ပညာရှင်များ လိုအပ်နေကြောင်း၊  ကျောင်းသား လူငယ်များသည် စာပေကို စဉ်ဆက်မပြတ်လေ့လာ ဖတ်ရှုကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုမည့် စာကောင်းပေမွန်တွေဖတ်ရှုပြီး စဉ်းစားတွေးခေါ်ဉာဏ်နဲ့ အသိပညာပြည့်ဝကာ ဗလငါးတန်ပြည့်ဝတဲ့ လူငယ်တွေပေါ်ထွက်လာစေဖို့ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအတွက် အဓိကရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများက ပူးပေါင်းဆောင်ရွက်နိုင်မှ အနာဂတ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်မည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာမှာဖြစ်ပါကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက စာဖတ်ရှိန်ပွဲတော်ကျင်းပရေး လုပ်ငန်းစီမံချက်မှ ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကဏ္ဍများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ကော်မတီအသီးသီး၏ တင်ပြဆွေးနွေးမှုများအပေါ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)