မြောင်းမြ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဝါဆိုသံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပလောင်းလှူခဲ့သည်။
အဆိုပါအရုဏ်ဆွမ်းတော်များအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းစန်းဌေးမှ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့က မြောင်းမြမြို့နယ်ရှိ သံဃာတော် (၁၂၃၀) ပါးနှင့် သီလရှင် (၁၁၀) ပါး၊ စုစုပေါင်း (၁၃၄၀) ပါးတို့အား လောင်းလှူခဲ့ကြောင်းသိရသည်။ ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ အလယ်တောရ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး၊ ဆရာတော်တော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချအမျှပေးဝေခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့တွင် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းသုံးလပတ်လုံး ဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ ကွမ်း၊ မပြတ်စေရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ နေ့စဉ်ဆွမ်းနှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)