မုံရွာ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း (၄/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များ ကွန်ပျူတာနည်းပညာများ တတ်မြောက် ကျွမ်းကျင်စေရန် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးစိုက်ရာ မြို့ပေါင်း ၆ မြို့တွင် ကွန်ပျူတာသင်တန်းများဖွင့်လှစ်နိုင်ရန် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား ထောက်ပံ့ပေးခဲ့ပြီး ကွန်ပျူတာသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ကွန်ပျူတာသင်တန်းတက်ရောက်ခဲ့ကြသည့် လူငယ်များအနေဖြင့် သင်တန်းမှရရှိခဲ့သည့် အသိပညာ၊ နည်းပညာများအား ကျွမ်းကျင်တတ်မြောက်အောင် ဆက်လက်လေ့လာဆည်းပူး သွားကြရန်လိုအပ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့၏ဘဝများ အောင်မြင်မှုများရရှိအောင်နှင့် မိမိဒေသအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် အောင်ဝိုင်းဝန်းဖော်ဆောင်နိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက တိုင်းဒေသကြီးအတွင်း ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက် မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင်တန်းနည်းပြထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)