ပြည် ဇူလိုင် ၂၃
အဆင့်မြင့်ပညာဦးစီးဌာန၊ ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပရာ ပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ အရာရှိများ၊ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်သည်။
ဦးစွာ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်သက်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား “စိတ်ဓာတ်စွမ်းရည်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ပညာရည်ပြည့်ဝမှုတို့နှင့် ပြည့်စုံမှသာ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် အဖိုးထိုက်တန်သူတွေ ဖြစ်လာမှာဖြစ်ကြောင်း၊ “စည်းကမ်းသည် လူ၏တန်ဖိုး”၊ “စည်းကမ်းလိုက်နာ ဘေးကင်းကွာ”၊ “စည်းကမ်းရှိမှ တိုးတက်မည်” ဆိုတဲ့ဆောင်ပုဒ်တွေဟာ စည်းကမ်းရဲ့အရေးပါမှုကို ဖော်ပြနေတာဖြစ်ပါကြောင်း၊ ယနေ့ဟောပြောပွဲဟာ လိုက်နာသင့်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုသိရှိပြီး စည်းကမ်းတကျ လိုက်နာကျင့်သုံး နေထိုင်တတ်ရန် လမ်းညွှန်ဟောပြော ဆွေးနွေးပေးတဲ့ပွဲဖြစ်တဲ့အတွက် ဂရုတစိုက် လေ့လာမှတ်သား နာယူကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ပြည်မြို့ အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးဆန်းဌေးက “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရသည့်အကြောင်းရင်းများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်စည်းကမ်းများနှင့် ယာဉ်မောင်းသူများ သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်း အပါအဝင် ယာဉ်မတော်တဆဖြစ်ပွားမှု ဖြစ်စဉ်များနှင့် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် သေဆုံးခဲ့မှုဖြစ်စဉ်များအကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး Quick Win အစီအမံ(၅)ရပ်အကြောင်း၊ လမ်းညွှန်အမှတ်အသား၊ သင်္ကေတများ၏ အဓိပ္ပါယ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို ဓာတ်ပုံမှတ်တမ်းများ၊ ပါဝါပွိုင့်များဖြင့် အသေးစိတ် အသိပညာပေး ဆွေးနွေးဟောပြောသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)