ကြံခင်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ကလို့ကွင်းအုပ်စု၊ ချင်းမြောင်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)ကျောင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားကို သဲဖြူကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် အ.ထ.က(ချင်းမြောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းတို့က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က သားငယ်သမီးငယ်များအား လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန်စသည့် ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ် ဆောင်ရွက်ကာ ဒုတိယနှစ် (စက်မှု)မှ ကျောင်းသား မောင်ကောင်းခိုင်ခန့်က “ကျောင်းသားတို့ရဲ့စက်မှုပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပထမနှစ်(မွေးမြူရေး)မှ မဟန်ဆုယဉ်က “မွေးမြူရေးနှင့် ကျောင်းသားလူငယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-6)မှ ကျောင်းသား မောင်ဇွဲဝဿန်ဦးက “ကျောင်းသားလူငယ်နှင့် ပညာရေးအခွင့်အလမ်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်(စိုက်ပျိုးရေး)မှ မသိမ့်နဒီထွန်းက “သင်ယူစရာ စိုက်ပျိုးပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကာ ဆွေးနွေးချက်များအပေါ် ကျောင်းအုပ်ဆရာမကြီးက သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ယင်းနောက်ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)