တောင်တွင်းကြီးမြို့နယ်တွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ဖြင့် ကပ်နှိပ်ရောင်းချသည့် လုပ်ငန်းရှင်များဖြစ်သော စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေနှင့်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်း (Handset)နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား အခွန်ပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွင်လွင်ထွန်းက အခွန်ကောက်ခံခြင်းကိစ္စနှင့်ပတ်သတ်၍ အခွန်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ အခွန်အမျိုးအစားများ၊ နိုင်ငံတော်၏ အခွန်အကောက် ဖွဲ့စည်းထားရှိမှု၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ အခွန်ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း၊ အခွန်ပေးသွင်းခြင်း၊ ကြေညာလွှာတင်သွင်းခြင်း၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုံညီစွာတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အခွန်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)