ဟားခါး ဇူလိုင် ၂၃
ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအားတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ရဲဇာနည်ခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မှီခိုသူ မိသားစုဝင်များ၏သက်သာချောင်ချိရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှအခါအားလျော်စွာ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နောင်တွင်လည်း ဆက်လက်စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း မိမိတို့လုပ်ငန်းတာဝန်များကို ရဲရဲဝံ့ဝံ့နှင့်သစ္စာရှိရှိ ဆောင်ရွက်သွားစေလိုကြောင်းဖြင့် အမှာ စကားပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေလင်းအောင်တို့ တိုက်တွန်းအားပေးစကား ပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့ကဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက် )