ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ ယာယီရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ပုသိမ် ဇူလိုင် ၂၃

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး အခြေခံစားသောက်ကုန်များများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ အားကစားရုံ၊ ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်၊ ဆေးဝါးများစသည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် ပေးနေမှုများ ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကြံခင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ရေ ဝင်ရောက်မှု၊ သီးနှံများရေကြီးနစ်မြုပ်မှု၊ ထိခိုက်မှု၊ ပျက်စီးမှုနှင့် ပြန်လည်စိုက်ပျိုးမှု အခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေပြန်လည် ကျဆင်းပါက သီးနှံများအမြန်ဆုံး စိုက်ပျိုးနိုင်ရေးမျိုးစေ့များ အဆင်သင့်သိုလှောင်ထားရှိရန်၊ အချိန်မီစိုက်ပျိုးပြီးစီးရန်နှင့် အောင်မြင်ဖြစ်ထွန်းစေရေး အစီအမံများဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မြန်အောင်တာမိုင်  ၄/၀ အနီးတွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးပြီးသီးနှံများ၏ ရေကြီးနစ်မြုပ်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြစ်ရေပြန်လည်ကျဆင်းသည်နှင့် သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးဌာနဆိုင်ရာများ၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့အမှတ်(၅)ရပ်ကွက် တာဝတိံသာဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ ယာယီရေဘေးသင့်ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များနှင့်ရေသန့်ဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ကျန်းမားရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝတိံသာဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဂေါပကအဖွဲ့ထံသို့ အလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည် သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)