ပေါင်းတည်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး(Drum Seeder) မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးသူများပြားလာ

ပေါင်းတည် ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧကစပါးအထွက်နှုန်းတိုးတက်စေရန်၊ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်စေရန် မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်များ၊ သရုပ်ပြပွဲများဖြင့် တောင်သူများအား ကျယ်ကျယ်ပြန့်ပြန့် ပြသပြီးနောက်ပိုင်းတွင် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးသူတောင်သူများပြားလာကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ချကိရိယာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်းသိရပြီး တောင်သူများကလည်း နှစ်သက်သဘောကျလျက်ရှိကြောင်း သိရသည်။ ထိုမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးကြဲခင်းထက်မျိုးစေ့နှုန်းလျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မလိုအပ်ခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး လုပ်သားအနည်းငယ်ဖြင့် လောင်စာဆီသုံးစွဲရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပြီး စီးပွားရေးတွက်ခြေကိုက်သည့် ထိုစိုက်ပျိုးနည်းစနစ်ကို ဒေသခံတောင်သူများ နားလည်သဘောပေါက်လက်ခံလာကြ၍ အဆိုပါ မျိုးစေ့ချကိရိယာကို သုံးစွဲသူတောင်သူများပြားလာခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေသား(ပြန်/ဆက်)