ကလေးမြို့နယ်စုပေါင်းရုံးတွင် မျိုးစေ့ချကိရိယာ (Drum seeder) များ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကလေး ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum seeder) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကလေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကလေးခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်က မျိုးစေ့ချကိရိယာကိုသုံးစွဲခြင်းဖြင့် ပျိုးနှုတ်ခကောက်စိုက်ခများသက်သာခြင်း၊ တစ်ကြောင်းဆွဲလျင် (၈) တန်းအထိ မျိုးစေ့ချပေးနိုင်သဖြင့် လုပ်ငန်းပြီးစီမှုပိုမိုမြန်ဆန်ခြင်း၊ ပင်ကြားတန်းကြား ညီညာစွာစိုက်ပျိုးထားသောကြောင့် ကြားပေါင်းလိုက်ရန်လွယ်ကူခြင်း၊ လေ၀င်လေထွက်ကောင်းမွန်ပြီး မျိုးစေ့ကုန်ကျမှု အချိန်ကုန်ကျမှုသက်သာခြင်း၊ စပါးအထွက်နှုန်းပိုမိုကောင်းမွန်ခြင်းနှင့် မျိုးစေ့ချကိရိယာပေးအပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ကလေးခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ကလေးမြို့နယ်အတွက်မျိုးစေ့ချကိရိယာ အလက် (၇၀)၊ ကလေးဝမြို့နယ်အတွက် အလက် (၂၀)၊ မင်းကင်းမြို့နယ်အတွက် (၁၀) လက်၊ စုစုပေါင်းမျိုးစေ့ချကိရိယာ (Drum Seeder) အလက် (၁၀၀) ကို ဒေသခံတောင်သူများထံ ပေးအပ်ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ (Drum Seeder) တစ်လက်တန်ဖိုးသည် ၁၆၀၀၀၀ ကျပ်ရှိရာ အလက် (၁၀၀) တွင် သိန်း (၁၆၀၀၀၀၀၀) ကျပ်တန်ဖိုးရှိကြောင်းနှင့် ကလေးခရိုင်တွင် မိုးစပါး (၁၇၈၅၇၅) ဧက စိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးသင်တန်းများနှင့် ကွင်းဆင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)