ဘားအံ ဇူလိုင် ၂၃
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုး(၁၇)မျိုးဖြင့် စုစုပေါင်း(၂၇၀၀၀၀)ပင် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ပျိုးပင်ပေါင်း(၂၁၆၉၁၀)ပင် ရာခိုင်နှုန်းအားဖြင့် ၈၀ ဒဿမ ၃၄ ရာခိုင်နှုန်းကို ဖြန့်ဝေစိုက်ပျိုးပြီးစီးခဲ့ပြီး ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် မိုးရာသီ(စတုတ္ထအကြိမ်) သစ်ပင်စိုက်ပွဲအနေဖြင့် မိဇံမွေးမြူရေးဇုန်အတွင်း သစ်မျိုး ၁၁ မျိုးဖြင့် ပျိုးပင်ပေါင်း ၂၂၂၅ ပင်ကို လူထုလှုပ်ရှားမှုအသွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုသို့စိုက်ပျိုးရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုမျှတကောင်းမွန်လာစေရန်၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေထုညစ်ညမ်းခြင်း၊ အပူဒဏ်လွန်ကဲခြင်းစသည့် ဘေးအန္တရာယ်များကိုကာကွယ်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို ပိုမိုတန်ဖိုးထားချစ်ခင်မြတ်နိုးလာပြီး စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးပြုစုထိန်းသိမ်းလိုသည့် အသိစိတ်များရှင်သန်လာစေရန် လူထုလှုပ်ရှားမှုအသွင် သစ်ပင်စိုက်ပွဲများကို ကျင်းပခြင်းဖြစ်ပြီး ဒေသခံပြည်သူများကို သက်ဆိုင်ရာသစ်တောဦးစီးဌာနများနှင့်ဆက်သွယ်၍ သစ်တောသစ်ပင်များအား စိတ်ဝင်စားစွာဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် စိုက်ပျိုးပြုစုထိန်းသိမ်းစေရေးအတွက် စည်းရုံးလှုံ့ဆော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိဇံမွေးမြူရေးဇုန်မှ တာဝန်ရှိသူတစ်ဦးထံ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ပြီး တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့်အတူ စိန်ပန်း၊ ခရေ၊ ပိတောက်၊ မန်ဂျန်ရှား၊ မဟော်ဂနီ အစရှိသော သစ်မျိုး(၁၁)မျိုးဖြင့် ပျိုးပင်ပေါင်း ၂၂၂၅ ပင်ကို ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုသို့ စုပေါင်းစိုက်ပျိုးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်းနှင့် ယခုအခါ ကရင်ပြည်နယ်အတွင်း လူထုလှုပ်ရှားမှုအသွင် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာစိုက်ပျိုးခြင်း၊ ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူထုဖြန့်ဝေစိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်းများအနေဖြင့် စိုက်ပျိုးခြင်းနည်းလမ်းများဖြင့် ပျိုးပင်ပေါင်း ၂၁၉၁၃၅ ပင်ကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)