နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းပြုလုပ်

နတ်မောက် ဇူလိုင် ၂၃

မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင် (ရွှေဂူ)၏ လူငယ်များ၏ ရွှေရောင်မနက်ဖြန်စာအုပ်ဖြင့် ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေများကို ဖတ်ရှုရာတွင် ဦးနှောက်နဲ့နှလုံးသားကို အဆိပ်မခတ်မိဖို့လိုအပ်ကြောင်း၊ ဦးနှောက်ထဲကိုဝင်လာသမျှ လက်ခံမထားဘဲ အသေအချာစိစစ်ပြီး ကုသိုလ်-ပညာ-ဥစ္စာရနိုင်တဲ့ရွှေနဲ့တူတဲ့ အတွေးတွေ၊ အမြင်တွေ၊ အကြားတွေကို သိမ်းဆည်းထားပြီး၊ အကုသိုလ်တွေကိုတော့ သိမ်းဆည်းမထားဘဲ တစ်ခါတည်း မောင်းထုတ်ပစ်ဖို့နှိုးဆော်ခြင်း၊ စိတ်ထားကောင်းလေးတွေထားရှိဖို့ လိုအပ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်သင်းသင်းဝေက လူငယ်များ၏ ရွှေရောင်မနက်ဖြန် ခေါင်စဉ်ထဲမှ လူငယ်ဘဝ၌ရရှိသော ကျန်းမာရေး၊ လူငယ်ဘဝ၌ ရရှိသော မှတ်သားမှုဉာဏ်၊ လူငယ်ဘဝ၌ ရရှိသော လွတ်လပ်မှု၊ လူငယ်တစ်ယောက်၏ ဖျတ်လတ်သန်စွမ်းမှု၊ လူငယ်တစ်ယောက်၏ အခွင့်အရေးတို့သည် နောင်လူကြီးဖြစ်လာသောအခါ ပြန်လည်၍ မရနိုင်သော အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

လှဝင်း