မြန်အောင် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေသည့် ပဲတခွဲကျေးရွာအုပ်စု၊ မဲခင်းချောင်ကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့မှ စားသောက်ရေးခက်ခဲသည့်အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ရေသန့်နှင့်အခြေခံစားသောက်ကုန်များ၊ ထမင်းထုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်နေသည့် ပဲတခွဲကျေးရွာအုပ်စု၊ မဲခင်ချောင်အုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန် (၁၁) အိတ်နှင့်စားသုံးဆီများကိုထောက်ပံ့ပေးအပ်ထားပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များဖြင့် ကျန်းမာရေး၊ သောက်သုံးရေရရှိရေးနှင့်စားသောက်ရေး အဆင်ပြေရန် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသော ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ချက်ပြုတ်စားသောက်ရန်ခက်ခဲသော အိမ်ထောင်စုများကို တစ်ရက်ထမင်းထုပ် (၅၀၀) လှူဒါန်းလျက်ရှိရာ ယနေ့အထိ (၅) ရက်လှူဒါန်းပြီးကြောင်းသိရသည်။ အလားတူရေကြီးနစ်မြုပ်လျက်ရှိသော မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာအုပ်စုအတွင်းရှိ စားသောက်ရေးခက်ခဲသော အိမ်ထောင်စု (၂၄၀) အတွက် ပဲတခွဲအုပ်စုအုပ်ချုပ်ရေးမှူးနှင့် သပြေကုန်းကျေးရွာမှ အလှူရှင်များက ဆန်အိတ် (၂၀)၊ ဆီ (၆၀) ပိဿာ၊ ရေသန့်ကဒ် (၅၀) တို့အား လှူဒါန်းခဲ့ကြောင်းသိရသည်။ မြန်အောင်မြို့နယ် မဲခင်းချောင်ကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဒေါင်းကျကျေးရွာမှ ကိုကျော်စွာဝင်းနှင့်ကုန်စုံဆိုင်များမှ ဆန် ၁၀ အိတ်၊ ဆီ ၁၀ ပုံး၊ ရေသန့်ကဒ် ၅၀ တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် မြန်အောင်မြို့၏ စိုးရိမ်ရေမှတ် ၆၇ ပေသို့ ဇူလိုင် ၁၃ ရက်နေ့တွင် စတင်ရောက်ရှိပြီး ယနေ့အထိ စိုးရိမ်ရေအမှတ်အထက်တွင် ရှိကြောင်းသိရသည်။
ဝင်းဗိုလ် (မြန်အောင်)