ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ တောင်သူများရွေးချယ်စိုက်ပျိုး

ပေါက်ခေါင်း ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးသည့် မိုးနှမ်းသီးနှံများကို တောင်သူများ၏ ယာမြေများတွင် မေလလယ်ခန့်မှစတင်စိုက်ပျိုးထားရှိရာ ယခုအခါမိုးနှမ်းများအပင်အား‌ကောင်းပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်တွင် မေလလယ်ခန့်ကရွာသွန်းခဲ့သည့် မိုးရေအစိုဓာတ်ဖြင့် မိုးသီးနှံနှမ်းကို စတင်ထွန်ယက်စိုက်ပျိုးခဲ့ရာ ယခုအခါသီးနှံများ သက်တမ်း(၂)လခန့်ရှိပြီဖြစ်ပြီး ပေါင်းထိုးခြင်း၊ ပေါင်းမြက်များနှိမ်နင်းခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်မိုးရာသီ မိုးနှမ်းစိုက်ပျိုးရန် ၃၉၁၆၄ ဧကလျာထားဆောင်ရွက်ထားပြီး ယခုအခါမိုးနှမ်းများအားလုံးစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ တောင်သူများအနေဖြင့် မိုးနှမ်းများရိတ်သိမ်းပြီးစီးချိန်တွင် ပဲတီစိမ်း၊ ပဲပုတ်စသည့်သီးနှံများကို ထပ်မံစိုက်ပျိုးမည်ဟုသိရပြီး သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများစိုက်ပျိုးရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)