ပခုက္ကူမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများ၊ ခရိုင်စားသုံးသူရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ ပူးပေါင်း၍ ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာဈေးကြီးအတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ စွန့်ပစ်ပစ္စည်းလျှော့ချရေးဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊  ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူများဖြင့်သာ ထုပ်ပိုးရောင်းချခြင်း၊ ဝယ်ယူခြင်းများပြုလုပ်ရေး၊ လတ်ဆတ်သန့်ရှင်သော အသား/ငါး၊ အသီးအရွက်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရေးနှင့် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်မှုအား အလေးထားဆောင်ရွက်ရေးတို့ကို အသိပညာပေးရှင်းလင်း ဟောပြောကြသည်။

ယင်းနောက် တာဝန်ရှိသူများက သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်လျှော့ချသုံးစွဲရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူစသည့် ပလတ်စတစ်အစားထိုးပစ္စည်းများကို ဈေးရောင်းဈေးဝယ်ပြည်သူများထံ လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)