ပွင့်ဖြူမြို့မဈေး၌ ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

ပွင့်ဖြူ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီ ကော်မတီအဖွဲ့ဝင်များ၊  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်း/အပြင်ရှိ  ဈေးရောင်းဈေးဝယ် ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုး ပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်နှင့် ဈေးဝယ်လာပြည်သူများအနေဖြင့်လည်း ဈေးဝယ်ရာ၌ လက်ဆွဲခြင်း(သို့မဟုတ်) ထည့်စရာတစ်ခုခု ယူဆောင်လာကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ် ပြည်သူများကို သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်း လျှော့ချနိုင်ရေးအတွက် ဈေးရောင်းချရာတွင် ပလတ်စတစ်ပစ္စည်း အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)