လွိုင်ကော် ဇူလိုင် ၂၂
ကယားပြည်နယ် ရဲတပ်ဖွဲ့ရှိမှီခိုသူရဲမေများ အခြေခံစစ်ရေးပြနှင့် လက်နက်ငယ် ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းသူမှီခိုရဲမေများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် မှီခိုမိသားစုများအနေဖြင့် လွိုင်ကော်မြို့ အကြမ်းဖက်တိုက်ဖျက်မှု ဖြစ်စဉ်များတွင် နိုင်ငံတော်နှင့် ပြည်နယ်အပေါ်သစ္စာရှိရှိ ၊ တာဝန်သိသိဖြင့် တာဝန်ထမ်းဆောင်ခဲ့မှုအပေါ် ပြည်နယ်အစိုးရအဖွဲ့က အသိအမှတ်ပြုပါကြောင်း ၊ မှီခိုရဲမေများသည် ရဲတပ်ဖွဲ့၏ အဓိကအရန်အင်အားများဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ လာရောက်တိုက်ခိုက်ချိန်တွင် စနစ်တကျပြန်လည်ခုခံနိုင်ရန်နှင့် မိသားစုများ၏ အသက်အန္တရာယ်ကို မိမိကိုယ်တိုင်ကာကွယ်နိုင်ရေးအတွက် လက်နက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ပစ်ခတ်နိုင်ရေးရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း ၊ မှီခိုသူရဲမေများအနေဖြင့် ပြည်နယ်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ၊ သင်ကြားလေ့ကျင့်ပို့ချမည့် ဘာသာရပ်များအား စိတ်ပါဝင်စားစွာဖြင့် စနစ်တကျလေ့ကျင့်သင်ကြားသွားရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်ဦးက သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတို့က အခြေခံစစ်ရေးပြနှင့် လက်နက်ငယ်ကျွမ်းကျင်မှုသင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ သင်တန်းသူရဲမေများက လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ မှီခိုသူရဲမေများ သင်တန်းတက်ရောက်လေ့ကျင့်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းအား ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်း အခြေခံစစ်ရေးပြနှင့် လက်နက်ငယ်ကျွမ်းကျင်မှုသင်တန်းများအား ဆက်လက်ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)