ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်လှူဒါန်း

ပဲခူး ဇူလိုင် ၂၂

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ် လင်းဂျူတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ အလှူငွေကျပ်သိန်း(၉၀)အား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးထံ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ပြီး ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော် ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)