ဟုမ္မလင်း၌ စက်သုံးဆီများ သတ်မှတ်နှုန်းအတိုင်းရောင်းချရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဟုမ္မလင်း ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီများ သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချ​ခြင်း ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က မြို့နယ်၏တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးတို့တွင် စက်သုံးဆီသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း စက်သုံးဆီသယ်ယူရောင်းချမှု အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးရန် ယခုအစည်းအဝေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော  စက်သုံးဆီအရောင်းဆိုင်များမှ  လုပ်ငန်းရှင်များက စက်သုံးဆီရောင်း ဝယ်ဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးခဲ့ကြပြီး၊ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချသွားမည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 ဟုမ္မလင်း(ပြန်/ဆက်)