ထားဝယ် ဇူလိုင် ၂၂
၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ပန်း၊ ရေချမ်း၊ ဆီးမီး၊ ဆွမ်း၊ သစ်သီးများ ဆက်ကပ်လှူဒါန်းပူဇော်သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသည့် ဖိတ်ကြားထားသော ဧည့်သည်တော်များက “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ထားဝယ်မြို့၊ ဃောသိတာရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ် တရားတော်များနာယူခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ။ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)