ပုသိမ် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းရှင်းလင်းခြင်းနှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း၏ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့် ကြီးကြပ်မှု ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ စီမံကိန်းလုပ်ငန်း အမျိုးအစားများ၊ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစု ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းသင်တန်းများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းလမ်းများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင် ရွေးချယ်ခြင်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများရွေးချယ်ခြင်း၊ လုပ်ငန်း ထူထောင်လိုသူများ ရွေးချယ်ခြင်းနှင့် လိုက်နာရမည့်စည်းကမ်းချက်များ၊ လုပ်ငန်းသုံးပစ္စည်းနှင့် နည်းပညာပံ့ပိုးပေးခြင်း၊ စီမံကိန်းဆိုင်ရာငွေကြေးသုံးစွဲရေးနှင့် ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြ ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီး ရသုံးမှန်းချေ ငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနဦးစီးမှူးတို့က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းရာ စီမံကိန်းကော်မတီဝင်များမှ သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ဖြိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် စီမံကိန်းကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းတာဝန်များ လွဲပြောင်းပေးအပ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)