မင်းဘူးခရိုင်၌ ဒေသတွင်းသီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ

မင်းဘူး ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ စိုက်ပျိုးနည်းစနစ်တို့ကိုအခြေခံ၍ ဒေသတွင်းသီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေးအတွက် တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဦးစွာ သင်တန်းတွင် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးယဉ်ထွန်းက စိုက်ပျိုးပညာပေးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းများဆောက်လုပ်၍ တောင်သူနည်းပညာပေးသင်းတန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပြီး ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး သင်တန်းနည်းပြများဖြစ်ကြသည့် စိုက်ပျိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံ အထူးဇုန်(၂)တာဝန်ခံ ဦးသိန်းနိုင်ဝင်းက ဒေသတွင်းစားသုံးဆီဖူလုံစေရန် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သီးနှံသက်တမ်းအလိုက် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ၊ တိုင်းဒေသကြီးမြေအသုံးချရေး တာဝန်ခံဒေါ်သီတာဝင်းက မြေဆီလွှာကျန်းမာသန်စွမ်းဖွံ့ဖြိုးတိုးတက်စေရန် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနည်းနှင့် ဓါတ်မြေဩဇာများစနစ်တကျသုံးစွဲရေး၊ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံဒေါ်နီနီဝင်းမှ သီးနှံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များကိုစနစ်တကျ ရွေးချယ်သုံးစွဲစိုက်ပျိုးရေး၊ အထွက်နှုန်းပိုမိုရရှိရေး၊ သီးနှံများ၏အရည်အချင်းလက္ခဏာများ၊ သီးနှံများတွင်ကျရောက်တတ်သည့် ရောဂါပိုးမွှားများအကြောင်းနှင့် ရောဂါပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်နှိမ်နှင်းရေး ဆောင်ရွက်ရမည့်အချက်များ၊ ခရိုင်မြေအသုံးချရေးတာဝန်ခံဒေါ်ခင်ခင်ညိုက သစ်စိမ်းမြေဩဇာကို ပြုလုပ်သုံးစွဲစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ပြီး သီးနှံအထွက်နှုန်းတိုးတက်ခြင်း နည်းပညာများအကြောင်းစသည့် ဘာသာရပ်သင်ခန်းစာကို အသေးစိတ်ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသော ဒေသခံတောင်သူများ၏ သိရှိလိုသောမေးချက်များကို သက်ဆိုင်ရာတာဝန်ခံနည်းပြများက ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တောင်သူနည်းပညာပေးသင်တန်းသို့ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးယဉ်ထွန်းနှင့် သင်တန်းနည်းပြဆရာ/ဆရာမများ၊ စိုက်ပျိုးရေးဝန်းထမ်းများနှင့် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ဒေသခံတောင်သူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)