ထားဝယ် ဇူလိုင်၂၂
စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း အမှတ်စဉ်(၄/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်းက မီးသတ်ဦးစီးဌာနရှိ ခရိုင်/မြို့နယ်များတွင် လက်ရှိအသုံးပြုလျက်ရှိသော ရှာဖွေကယ်ဆယ်ရေး ရေယာဉ်အမျိုးမျိုးအတွက် စက်လှေမောင်းတာဝန် ထပ်မံတာဝန်ချထားနိုင်ရန်နှင့် စက်လှေများကိုင်တွယ်မောင်းနှင်ရာတွင် ရေယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေယာဉ်ပဲ့ထိန်းမှုစနစ်သဘောတရားများအား နားလည်သိရှိပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေပြင်မီးငြိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေများကို ကျွမ်းကျင်စွာမောင်းနှင်တတ်စေရန်အတွက် သင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့မှာရှိသော မီးသတ်ရေယာဉ်များ ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ရေးအတွက် ရေယာဉ်အမျိုးအစား၊ သုံးစွဲသောလောင်စာဆီအမျိုးအစားအလိုက် စက်စွမ်းအားဖြင့် ရေစီးကြောင်းအနေအထားပေါ် သေချာစွာစဉ်းစားချင့်ချိန်ပြီး ပဲ့ကိုထိန်းသိမ်းမောင်းနှင်နိုင်ရန် လိုအပ်ကြောင်း၊ စက်လှေကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ရန်အတွက် နားလည်တတ်ကျွမ်းသော နည်းပြဆရာများနှင့် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်သောကြောင့် ကြိုးစားသင်ယူလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပြီး စက်လှေကိုအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးသင်ခန်းစာများကိုလည်း သင်ကြားပြသသွားမှာဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် ထားဝယ်ခရိုင်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့(၂၀)ဦးအား တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့၏ဥပဒေ/နည်းဥပဒေများအကြောင်း၊ မီးသတ်ပစ္စည်းကိရိယာများ ကိုင်တွယ်ထိန်းသိမ်းနည်း၊ ရေယာဉ်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့် ရေယာဉ်ပါပစ္စည်းကိရိယာများအကြောင်းကို သင်ကြားမှာဖြစ်ပြီး ထားဝယ်မြစ်အတွင်း၌ တစ်ဦးချင်း ရေယာဉ်လက်တွေ့မောင်းနှင်ခြင်းများကို သြဂုတ်၂ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)