ပိုင်ကျုံ ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှတ်(၂) ရပ်ကွက်ရှိ လမ်းဘေးဝဲယာများ၌ ပလက်ဖောင်းရေမြောင်းများ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၅၉.၂၉)သန်းဖြင့် အရှည် ၇၆၃ ပေ၊ အကျယ် ၂ပေ၊ အမြင့် ၃ ပေရှိ စံပယ်လမ်းတွင်လည်းကောင်း၊ အရှည် ၅၀၂ ပေ၊ အကျယ် ၂ပေ၊ အမြင့် ၃ ပေရှိ ဘုရားကျောင်းလမ်းကို ခွင့်ပြုငွေကျပ် (၃၉.၀၈) သန်းဖြင့်လည်းကောင်း၊ အရှည် ၁၉ ပေ၊ အကျယ် ၂ ပေ၊ အမြင့် ၃ ပေရှိ အ-ထ-က ကျောင်းလမ်းကို ခွင့်ပြုငွေ ကျပ် (၈.၁၃၀)သန်းဖြင့် လည်းကောင်း အသီးသီး တည်ဆောက်ပေးခဲ့ကြောင်း၊ ယင်းလုပ်ငန်းများအား မေလ (ပထမ) ပတ်တွင် စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပပြီး ဒေသနေ ပြည်သူများတို့၏ လူနေမှုဘဝတိုးတက်မြင့်မားရေးနှင့် သွားလာမှုအဆင်ပြေစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)