ပူတာအိုမြို့နယ်၌ Cash For Work စီမံကိန်း ကျေးရွာ ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပူတာအို  နို၀င်ဘာ  ၁၇

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ကျေးလက် နေပြည်သူများ၊ ဆင်းရဲနွမ်းပါး သော အိမ်ထောင်စုများ၊ ထိခိုက်လွယ်သော အိမ်ထောင်စုများသော ကျေးရွာများ တွင် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ကျေးရွာရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ တို့ အမှာစကား ပြောကြားကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး ဌေးမြင့်က ယခင်ပထမအကြိမ် Cash For Work စီမံကိန်းဖြင့် ကျေးရွာငါးရွာတွင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည့် အတွေ့အကြုံများနှင့် ယခုဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် Cash For Work စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ အစည်းအဝေး တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့၀င်များက Cash For Work စီမံကိန်း ကျေးရွာရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဝိုင်း၀န်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

ပူတာအိုမြို့နယ်တွင် Cash For Work စီမံကိန်းဆောင်ရွက်ရန်အတွက် ပထမဦးစားပေးကျေးရွာ (၄) ရွာနှင့် ဒုတိယဦးစားပေး ကျေးရွာ (၆) ရွာတို့ကို အတည်ပြုရွေးချယ်ခဲ့ကြပြီး အဆိုပါ အတည်ပြုရွေးချယ်ထားသော ကျေးရွာများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကွင်းဆင်းကာ ကျေးရွာလူထု၏ စီမံကိန်းအား လုပ်ကိုင်ဆောင်ရွက်လိုသော သဘောထားဆန္ဒ ရယူသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပူတာအို)