မြို့သစ်တွင် မိုးစပါး၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မြို့သစ် ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မင်းရပ်ကွက်၊ ယင်းနားကုန်းကျေးရွာ တောင်သူ ဦးမောင်လှ၏ (၂၆၀၈-ခ) ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

မြို့သစ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ မိုးစပါး စိုက်ပျိုးရာသီတွင် Y8R-1 အထွက်ကောင်း မျိုးသစ်အားကောက် စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် တစ်ဧကကုန်ကျစရိတ် သက်သာပြီး လုပ်သားလိုအပ်ချက်နည်းပါးခြင်း၊ အချိန်ကုန်သက်သာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦစီးဌာန ဒုတိယဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်။

မြို့သစ်မြိူ့နယ်၏ ၂၀၂၄-၂၀၂၅ မိုးစပါး စိုက်ပျိုးရာသီတွင် (၆၄၁၁၂) ဧကစိုက်ပျိုးရန် လျှာထားခဲ့ပြီး ယနေ့အထိ (၂၃၂၁၅) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းကျန် ဧကများကိုလည်းလျှာထား ဧကပြည့်မီရေးတွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)