ပွင့်ဖြူ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့ချိန်ဖြစ်ကာ နွေနှမ်းဈေးကွက်၌ ဂျပန်နှမ်းနက်တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီ၌ ဆီစားသုံးမှုဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာရရှိခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
"ယခုအချိန်က ကျွန်တော်တို့ဒေသမှာ မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးခဲ့တဲ့ နွေနှမ်းစိုက်ခင်းတွေ ရိတ်သိမ်းခြွေလှေ့နေတဲ့အချိန်ဖြစ်ပါတယ်။ ယခုနှစ်မှာ နွေနှမ်းစိုက်ခင်းတွေက စိုက်ပျိုးရေနဲ့ သီးနှံအောင်ရေ လုံလုံလောက်လောက်ရရှိပြီး ပိုးမွှားကျရောက်မှုလည်းမရှိတာကြောင့် အောင်မြင်ဖြစ်ထွန်းမှုကောင်းမွန်ပါတယ်။ အထွက်နှုန်းအနေနဲ့က တစ်ဧကကို ပျမ်းမျှ (၁၀)တင်းအထက် ထွက်ရှိပါတယ်။ နှမ်းဈေးကွက်ကလည်း ကောင်းပါတယ်။ ဂျပန်နှမ်းနက် တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀၊ ဂျပန်နှမ်းဖြူက တစ်တင်းကို ငွေကျပ် ၁၄၄၀၀၀ ၊ မဂျမ်းဒေါနှမ်းက တစ်တင်းကို ငွေကျပ် ၁၃၇၀၀၀ ဈေးနဲ့ ရောင်းချနေရပါတယ်ဗျ။ နှမ်းရောင်းချရာမှာလည်း ကျွန်တော်တို့ဒေသက နှမ်းစိုက်တောင်သူတွေ သီးနှံအဆင်ပြေစွာ ရောင်းချနိုင်ဖို့အတွက် မကွေးတိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)၊ မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA) နှင့် မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့ ပူးပေါင်းအဖွဲ့က ဇူလိုင်(၁၅)ရက်နေ့မှ ဩဂုတ်(၁၅)ရက်နေ့ထိ အချိန်(၁)လကြာ တောင်သူစုပေါင်းနှမ်းရောင်းချပွဲ လာရောက်ပြုလုပ်ပေးလို့ သီးနှံရောင်းချရေးအတွက် တောင်သူတွေ အဆင်ပြေပါတယ်" ဟု ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးခြင်းကို မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများက လိုအပ်သည့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် သီးနှံအချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသဖြင့် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)