ဟင်္သာတမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ သက်သာစွာရောင်းချပေး

ဟင်္သာတ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်း သက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် (၇) နာရီမှ စတင်၍ အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုပေးရာသို့ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေးအသင်းဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သော ကူညီစောင့်ရှောက်မှုများ လိုက်လံဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်မွေးမြူရေးလုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ပင်စင်စားများအား ဆီတစ်ပိဿာလျှင် (၅၈၀၀)ကျပ်နှုန်းဖြင့် ဆီ(၂၅၀)ပိဿာအားလည်းကောင်း၊ ဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၂၄)ပြည်ဝင် အိတ်(၂၀)အားလည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် (၃၂၀)ကျပ်နှုန်းဖြင့် အလုံးရေ(၁၃၀၀) တို့အားလည်းကောင်း အသီးသီး ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)