ကယားပြည်နယ်အစိုးရအဖွဲ့မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်နှင့် စပါးတိုက်ရိုက်အစေ့ချကိရိယာဖြင့် စိုက်ပျိုးသရုပ်ပြခြင်းအခမ်းအနား ကျင်းပ

လွိုင်ကော် ဇူလိုင်

၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်နှင့် တောင်သူများအား မျိုးစပါး၊ ယူရီးယားမြေဩဇာ၊ စပါးတိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder) အခမဲ့ပေးအပ်ထောက်ပံ့ခြင်းနှင့် သရုပ်ပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့တွင် ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် မိုးရာသီစုပေါင်းသစ်ပင်များ စိုက်ပျိုးပေးခဲ့ကြပြီး သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက ပျော်ရွင်စွာ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်းအဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ ပါဝင်သည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်တွင် အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ ပိတောက်၊ ခရေ၊ စကားဝါ၊ စိန်ပန်းပြာ၊ ခါတော်မီ၊ မဟော်ဂနီ၊ ကံ့ကော်၊ ချယ်ရီ၊ ဗန်ဒါ၊ ချင်းဒညင်းစသည့်သစ်မျိုး(၁၁)မျိုး စုစုပေါင်း(၁၀၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား မျိုးစပါး၊ ယူရီးယားမြေဩဇာ၊ စပါးတိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder) အခမဲ့ပေးအပ်ထောက်ပံ့ခြင်းနှင့် သရုပ်ပြအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် တောင်သူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ပြီး ပန်းတိုင်အထွက် နှုန်းရရှိစေရေးနှင့် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် လယ်ယာသုံးစက်ပစ္စည်းများ၊ မျိုးကောင်းမျိုးသန့်များနှင့် လုပ်ငန်းအထောက်အကူပြုပစ္စည်းများ၊ ခေတ်မီနည်းစနစ်များ အသုံးချနိုင်ရေးနည်းလမ်းပေါင်းစုံဖြင့် ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း မိရိုးဖလာလုပ်ကိုင်ခြင်းမှ ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ၊ပြည်နယ်ဦးစီးမှူးက စပါးတိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder) အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ မထောခူကျေးရွာအုပ်စု၊ လောပိတကျေးရွာအုပ်စု၊ ချိကယ်ကျေးရွာအုပ်စု၊ ဒီးမော့ဆိုမြို့နယ် ၊စံပြ()မိုင်ကျေးရွာအုပ်စုမှ တောင်သူများအား မျိုးစပါး၊ ယူရီးယားမြေဩဇာနှင့် တိုက်ရိုက်အစေ့ချကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများက ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စပါးတိုက်ရိုက်အစေ့ချကိရိယာဖြင့် သရုပ်ပြမိုးစပါးစိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့် လွိုင်ကော်လေဆိပ်အတွင်း ပျက်ဆီးခဲ့မှုများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး၊ လေဆိပ်အတွင်း ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် ခရီးသွားနိုင်ရေးအတွက် စနစ်တကျပြင်ဆင်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် နောင်ယား (က)ရပ်ကွက်၊ ကန္ဒရဝတီလမ်းမကြီးတစ်လျှောက် လျှပ်စစ်မီးတိုင်များ စိုက်ထူခြင်းနှင့် လျှပ်စစ်ဓါတ်ကြိုးများ သွယ်တန်းနေမှုများကို ကြည့်ရှုစစ်ဆေး၍ ပြည်သူများလျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အမြန်ဆုံးကြိုးပမ်းပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဂိုဒေါင်သို့သွားရောက်၍ အစိုးရပိုင်ယာဉ်ယန္တရားများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်ယန္တရားများ ကြံ့ခိုင်မှုရှိစေရေးနှင့် ပျက်ဆီးနေသော ယဉ်ယန္တရာများအား အမြန်ဆုံးပြုပြင်ပြီး လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရေးနှင့် ရုံးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)