မြို့သစ် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ် ကျက်သရေဆောင်"သာလေးသာသမိုင်းဝင်လှိုင်နံသာ" စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက စေတီတော်ကြီး၏" ဓမ္မပါလဓမ္မာရုံ"တွင် ကျင်းပသည်။
ရှေးဦးစွာ ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ ဗုဒ္ဓပဏာမဖြင့် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နတ်ပင့်ဂါထာရွတ်ဆိုပင့်ဖိတ်ခြင်း၊ ဧည့်ပရိသတ်အပေါင်းတို့က ဓမ္မာသိဥ္စရာမ (ဓမ္မာသိမ်)ကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ ဓမ္မစကြာအခါတော်နေ့ တရားဒေသနာတော်များကို နာယူခဲ့ကြသည်။
ဆက်လက်၍ ဓမ္မစကြာအခါတော်နေ့အမွှန်း ရွတ် ဆိုပူဇော်ခြင်း၊ ဆုတောင်းဂါထာ ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာပို့ အမျှဝေခြင်းနှင့် နတ်ပို့ဂါထာများကို သံပြိုင်ရွတ်ဆိုပူဇော်ကာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြပြီး ဓမ္မာသိဥ္စရာမ (ဓမ္မာသိမ်) ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သာသနာ့အဓိဋ္ဌာန် (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)