မိုးညိုမြို့နယ်၌ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မိုးညို ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်ခဲ့သည့်အတွက် ရေဘေးသင့် ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်ကြသည့် ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။        

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစံလင်းနှင့် တပ်ဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် အခြား‌သောရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်‌ရှောက်ကုသပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများပေးအပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ နေထိုင်စားသောက်‌စေရေး အသိပညာပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခြင်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများ နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)