ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ပြည်ရွှေဆံစေတီတော်မြတ်ကြီး၌ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်းကား

ပြည် ဇူလိုင် ၂၁

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဝါဆိုပန်းကပ်လှူသူကြများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)နံနက်ပိုင်းမှ စတင်၍ ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဆယ်ထပ်ကြီးဘုရားနှင့် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး အပါအဝင် ပြည်ဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများ၌ ဝါဆိုပန်းကပ်လှူကြသူများ၊ ဓမ္မစကြာဒေသနာတော် ရွတ်ဖတ်ပူ‌ဇော်ကြသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကာ ထို့အတူ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၌လည်း ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြသူများ၊  ဥပုသ်သီတင်းသီလ ဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ညနေပိုင်းတွင် လေးဆူဓာတ်‌ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ (၁၆)ကြိမ်မြောက် ဓမ္မာစကြာအခါတော်နေ့ အခမ်းအနားကို ကျင်းပလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှ ဝတ်သင်းအဖွဲ့များက ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဓမ္မစကြာဒေသနာတော်ဖြင့် ရွတ်ဖတ်ပူဇော်ကြပြီး စေတီတော်ရင်ပြင်၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)