ကြံခင်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သော မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရိက္ခာပစ္စည်း ထောက်ပံ့ပစ္စည်း ပေးအပ်လှူဒါန်းပွဲနှင့် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းနားတွင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရခြင်းသည် ညောင်စေ့လောက်လှူဒါန်းပေမဲ့ ညောင်ပင်ကြီးလောက် ရရှိနိုင်သည့် မြတ်သောကုသိုလ်ပင်ဖြစ်ပါကြောင်း၊ ယခုလို သဘာဝဘေးကျရောက်နေချိန်တွင် လှူဒါန်းကြသော အလှူရှင်များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး စေတနာရှင်အလှူရှင်များက ရေဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်းသည့် ဆန် (၃၅) အိတ်၊ ခေါက်ဆွဲခြောက်(၂၅၆) ထုပ်၊ ဆီ (၂၀၀) ပိဿာ၊ ကြက်ဥ (၅)ကဒ်၊ ရေသန့်ဘူး(၁၀) ကဒ်နှင့် ထောက်ပံ့ပေးငွေသား ၁၃၅ဝဝဝဝ/ (တစ်ဆယ့်သုံးသိန်းငါးသောင်း)ကို အလှူရှင်များက ထောက်ပံ့လှူဒါန်းခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက ရေဘေးသင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ယာယီရေဘေးရှောင်စခန်း တာဝန်ခံများသို့ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ၎င်းအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်သည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ တာဝန်ရှိသူများနှင့်အတူ အောင်မြင်ကိုင်းရေတံခါးအားလည်းကောင်း၊ မကျီးပင်ကွင်းဒေါင့်ရွာအတွင်း ရေဝင်ရောက်မှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်ကိုင်းကျေးရွာ ရေဘေးသင့်အိမ်ထောင်စုများအား ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)