မင်းဘူးမြို့ကျက်သရေဆောင် (RC နှစ်ထပ်ဆောင်) သာသနာ့ဗိမာန်တော်ကြီး အောင်မြင်စွာဖွင့်လှစ်

မင်းဘူး ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သာသနာရေးဆိုင်ရာပွဲ အခမ်းအနားများကို မြို့အလယ်တွင် ခန့်ညားတင့်တယ်ထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့သည့် မင်းဘူးမြို့ကျက်သရေဆောင် (RC နှစ်ထပ်ဆောင်) ၃၀၀ ဦးဆံ့ သာသနာ့ဗိမာန်တော်ကြီးကို ယမန်နေ့က အောင်မြင်စွာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး အောင်မြင်စွာဖွင့်လှစ်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို (၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့) ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီအချိန်က အဆိုပါဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ နိုင်ငံတော်သံဃ နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သာသာနာ့ဗိမာန်တော်ကြီးအား ဖွင့်လှစ်ခြင်း

ဖွင့်ပွဲအခမ်းအနားတွင် အနောက်ပိုင်းလေတပ်ကွတ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က သာသာနာ့ဗိမာန်တော်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က သာသာနာ့ဗိမာန်တော်ကြီး၏ နဖူးစည်းစာတမ်းအား မင်္ဂလာစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခြင်း၊ သာသာနာ့ဗိမာန်တော်ကြီးအား အောင်မြင်စွာဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် စန္ဒကူးနံ့သာပင်အားစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ ပြီးနောက် သာသနာ့ဗိမာန်တော်ကြီးရှေ့၌ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ ကြသည်။

မဟာအောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပခြင်း

ထို့နောက် သာသနာ့ဗိမာန်တော်ကြီး အောင်မြင်စွာဖွင့်လှစ်ခြင်း အထိမ်းအမှတ် ရေစက်သွန်း အောင်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော် ကြီးများက သာသနာ့ဗိမာန် အပေါ်ထပ်ခန်းမရှိ မဟာမြတ်မုနိ ကြေးသွန်းဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိတ်သွန်းတော်မူခြင်း၊ စောင်းအဖွဲ့မှ ရောင်တော်ဖွင့်သီချင်းဖြင့် သီကျူးပူး ဇော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ နိုင်ငံတော်သံဃ နာယကအဖွဲ့ဝင် ဆရာတော်ကြီးများအမှူးပြုသော ပင့်သံဃာ ဆရာတော်အရှင်သူ မြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ မေတ္တသုတ် ပရိတ်တရားတော်များနှင့် အနုမောဒနာတရား တော်များ နာယူကြည်ညိုခြင်း၊ ဆရာတော်အရှင်သူမြတ်များထံ ဗိမာန်တော်ကြီး၏ပုံတော်ကို အလှူရှင်များကိုယ်စား သာဟတ္ထိကဒါနမြောက် လက်ရောက်ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ် လုံးကျွတ် ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို တာဝန်ရှိသူများက အသီးသီး ဆက်ကပ် လှူဒါန်းခြင်း၊ သာသနာ့ဗိမာန်တော်ကြီးဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းပေးခဲ့ကြသော စေတနာရှင် အလှူရှင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း၊ ပင့်သံဃာ ဆရာတော်ကြီး များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှ အတမ်းများပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

သာသနာဗိမာန်တော်ကြီး ဆောက်လုပ်နိုင်ခဲ့မှု

မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် (၇)ရက်သားသမီးများ၊ ဓမ္မမိတ်ဆွေ အလှူရှင် များက ဗုဒ္ဓသာသာတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ သာသာတော်ထွန်းကားပြန့်ပွားရေးနှင့် မြို့အင်္ဂါရပ်နဲ့အညီ သာသနာရေးဆိုင်ရာ ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ် ချက်ဖြင့် စုပေါင်းလှူဒါန်းငွေ ကျပ် ၁၄၆၇ ဒသမ ၉၃ ကျပ် သန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေ ကျပ်သန်း ၅၇၀ အပြင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင် အလှူရှင်များက ထည့်ဝင်လှူဒါန်းငွေ ကျပ် ၁၀၄ ဒသမ ၀၆ သန်းတို့ဖြင့် မင်းပူး ဦးဩဘာသ မြို့နယ် ခန်းမဘေးရှိ မြေနေရာ ၁ ဒသမ ၅၃ ဧကတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က ပန္နက်တင် ဆောင်ရွက်ပြီး ဆောက်လုပ်ခဲ့ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီး၏ အရွယ်အစားမှာ (အလျား ပေ ၁၈၀ x အမြင့် ပေ ၉၀) ရှိပြီး ၃၀၀ ဦးဝင်ဆံသည့် (RC ကွန်ကရစ် နှစ်ထပ်ဆောင်) သာသနိက အဆောက်အဦ အမျိုးအစားအဖြစ်ကာ မြန်မာမှု မြန်မာ့ဟန်တို့ဖြင့် ရှေးမူလက်ရာ များကိုထည့်သွင်းပြီး လှပတင့်တယ်အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့ကြောင်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

အဆိုပါ သာသနာ့ဗိမာန်တော်ကြီး အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ပထမဆုံးအကြိမ် မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများအပြင် ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲများ၊ အစိုးရပါဠိပထမပြန်စာမေးပွဲများ၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနားများနှင့် ဓမ္မပူဇာသဘင်တရားပွဲများကို သွားလာရေး လွယ်ကူချောမွေ့အဆင်စွာဖြင့် မြို့အလယ်တွင် ဆက်လက်၍ ကျင်းပပြုလုပ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)