မော်လမြိုင်ကျွန်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မိုးညိုကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဝံသထံမှငါးပါးသီလဆောက်တည်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို မြို့နယ်အတွင်းရှိ သံဃနာယကဆရာတော်ကြီးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ သံဃတော်များ၊ စုစုပေါင်း (၁၂၀)ပါးအတွက် (၁)ပါးလျှင် သင်္ကန်းတစ်စုံ (၃၀၀၀၀)ကျပ်နှင့် ဝတ္ထုငွေ (၁၀၀၀၀)ကျပ် စုစုပေါင်းတန်ဖိုးငွေ (၄၈၀၀၀၀၀)ကျပ် ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့(၂) ဦးတင်လှိုင်၊ အဖွဲ့ (၃) ဦးစောဝဏ္ဏ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားတော်များနာယူပြီး ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)