ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေအောင်စကြာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်

ဘိုကလေး ဇူလိုင် ၂၁

ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျက်သရေဆောင် ရန်ပြေမာန်ပြေ အောင်စကြာသမိုင်းဝင်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့သည်။

စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများသည် ဝါဆိုပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဇာတပ္ပဝတ္ထုအစုစုအား လှူဒါန်းပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ လိပ်စာ၊ ငါးစာကျွေး၍ ဒါနပြုခြင်းများဖြင့် ကုသိုလ်ယူ ဘာဝနာပွားများကြပြီး ဓမ္မစကြာ ရွတ်ဖတ်ပူဇော်သူများ၊ ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်းနှင့် ဘုရားဖူးပြည်သူများအနေဖြင့် ရန်ပြေမာန်ပြေအောင်စကြာစေတီတော်မြတ်ကြီးဝန်းအတွင်း၌ ပြိုကျပျက်စီးခဲ့သည့် တာဝတိံသာ စေတီတော်မြတ်ကြီး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)