လွိုင်ကော်မြို့၌ ၂၀၂၄ ခုနှစ်၊ ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

လွိုင်ကော် ဇူလိုင် ၂၁

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဇနီးနှင့် တာဝန်ရှိသူများက သီလရှင် ဆရာကြီးများအား သီလရှင်ဝတ်စုံနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ (မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။

ယနေ့ ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၂၂၆)ကျောင်းမှ ရဟန်း၊ သာမဏေ(၁၅၀၃)ပါးနှင့် လွိုင်ကော်မြို့နယ်ရှိ သီလရှင်ကျောင်း (၃)ကျောင်းမှ သီလရှင်(၄၁၇)ပါး  ရဟန်း၊ သာမဏေနှင့် သီလရှင်စုစုပေါင်း (၁၉၂၀)ပါး တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)