စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

မုံရွာ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက်ပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။    

ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော ပရိတ်တရားတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဝတ်ရုံအထည်များ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယကဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပင့်သံဃာဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက် ၂၅၅ တိုက်၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာ ၂၂၃၉ ပါးတို့အား ဝါဆိုသင်္ကန်း ၂၂၃၉ စုံနှင့် သီလရှင်ကျောင်း ၃၈ ကျောင်းတို့မှ သီလရှင်ဆရာကြီး ၁၁၆၃ ပါးတို့အား သီလရှင်ဝတ်စုံ ၁၁၆၃ စုံနှင့် ယင်းမာပင်မြို့နယ် ရွှေတောင်ဦးတိပိဋက ဓမ္မပါလမဟာဝီဟာရကျောင်းတိုက်မှ ရဟန်း ၄၀ ပါး၊ တောင်တန်းသာသနာပြုဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသများမှ သာသနာပြုရဟန်း ၁၂၉ ပါး၊ သီလရှင် ၇ ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်းဖြစ်ရာ ဝါဆိုသင်္ကန်းစုစုပေါင်း ၂၄၆၂ စုံနှင့် သီလရှင်ဝတ်စုံ ၁၁၇၀ စုံအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။           

တိုင်းဒေသကြီး(ပြန်/ဆက်)