ပညာ​ရေးဒီဂရီ​ကောလိပ်​ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

တောင်ငူ ဇူလိုင်၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုးလုံလေလုံအားကစားရုံတွင် ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်က ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက  ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။ ထို့နောက် စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသည်။

ဆက်လက်၍ တောင်ငူမြို့ အ.ထ.က(၄)ဘင်ခရာတပ်ဖွဲ့နှင့် အ.ထ.က(၅) ပန်းပွားအဖွဲ့တို့မှ တီးမှုတ်ဖျော်ဖြေတင်ဆက်ခြင်း၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက တင်းပုတ်သရုပ်ပြတင်ဆက်ခြင်း၊ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူများက အခြေခံပညာအဆင့် သင်ရိုးဝင်သီချင်းများကို ပလွေဖြင့် တီးမှုတ်ဖျော်ဖြေတင်ဆက်ခြင်းနှင့် Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ကျောင်းသူများက ပုဝါအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က တီးမှုတ်ကပြဖျော်ဖြေတင်ဆက်ကြသည့်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး အခမ်းအနားအား ရုတ်သိမ်းသည်။

တောင်ငူပညာရေးဒီဂရီကော်လိပ်၌ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို နိုင်ငံတစ်ဝန်းရှိ ပညာရေးဒီဂရီကောလိပ်ကျောင်း (၂၄)ကျောင်းမှ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်း (အမျိုးသား) (၂)ယောက်တွဲ ပြိုင်ပွဲတွင်​ပွဲစဥ်အုပ်စု (၈)အုပ်စု၊ ပိုက်ကျော်ခြင်း (အမျိုးသား) (၃)ယောက်တွဲပြိုင်ပွဲတွင် ပွဲစဥ်အုပ်စု (၈)အုပ်စုနှင့်  ပိုက်ကျော်ခြင်း (အမျိုးသား) (၄)ယောက်တွဲပြိုင်ပွဲတွင် ပွဲစဥ်အုပ်စု (၈)အုပ်စုတို့ဖြင့် ဇူလိုင် ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း တောင်ငူပညာရေးဒီဂရီကောလိပ်မှ သိရသည်။

ဇော်ကိုကို (တောင်ငူ)