မြိတ် ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပသည်။
ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿဗုဒ္ဓပဏာမဖြင့် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဌဂုရုဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထိုနောက် စေတီတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဏ္ဍည ကန်သာကျောင်းဆရာတော်ထံမှ ဓမ္မစကြာအခါတော်နေ့ဒေသနာတော်များကို ဧည့်ပရိတ်သတ်အပေါင်းတို့က နာယူခဲ့ကြပြီး ဓမ္မစကြာဝတ်အသင်းအဖွဲ့များမှ ဓမ္မစကြာအခါတော်နေ့ ရှစ်လုံးဘွဲ့ကဗျာကို စုပေါင်းရွတ်ဆိုပူဇော်ခဲ့ကြသည်။ ဆက်လက်၍ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြပြီး ကန်သာကျောင်းဆရာတော်ထံမှ အနုမောဒနာတရားများနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ဓမ္မစကြာဝတ်အသင်းအဖွဲ့များမှ ဓမ္မစကြာရွတ်ပွားပူဇော်သည့် အစီအစဉ်အတိုင်း နတ်ပင့်ဂါထာရွတ်ဆိုပင့်ဖိတ်ခြင်း၊ ဘုရားရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအခါတော်နေ့ အမွှန်းရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းဂါထာရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာပို့အမျှဝေခြင်းနှင့် နတ်ပို့ဂါထာရွတ်ဆိုပူဇော်ကြပြီး ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သာသနာ့အဓိဌာန်(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)