ပွင့်ဖြူ ဇူလိုင်၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ယနေ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
“ဒီနေ့က ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)ဖြစ်လို့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာမှာရှိတဲ့ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော် မြတ်ကြီးကို ရပ်ဝေးရပ်နီးက ဘုရားဖူးလာကြတဲ့သူတွေများပြီး စည်ကားလျက်ရှိပါတယ်။ ဒီနေ့က စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ ဝါးတွင်းငါးကျွေးပွဲတော် စတင်ကျင်းပတဲ့နေ့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်ကိုတော့ ဖွင့်ပွဲအခမ်းအနားနဲ့ မကျင်းပဖြစ်ဘူးပေါ့၊ ပွဲတော်အထိမ်းအမှတ်အနေနဲ့ပဲ အစဉ်အလာမပျက် ဈေးဆိုင်ခန်းများနဲ့ ဖွင့်လှစ်ကျင်းပတာ ဖြစ်ပါတယ်။ စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လကြာ ဆင်နွှဲကျင်းပတာဖြစ်ပါတယ်။ အရင်နှစ်တွေက စေတီတော်မြတ်ကြီးကို လာရောက်ဦးခိုက် ဘုရားဖူးလာတဲ့ ငါးတွေရှိခဲ့တယ်။ ဒါ့ကြောင့် ဘုရားဖူးငါးခေါ်ပွဲကိုလည်း တစ်ခမ်းတစ်နားနဲ့ ထည့်သွင်းကျင်းပလေ့ရှိပါတယ်။ ဒီနှစ်တော့ ဘုရားဖူးငါးခေါ်ပွဲကိုလည်း အခမ်းအနားတွေနဲ့ မကျင်းပပဲ ရိုးရာမပျက်ဖွင့်လှစ်ကျင်းပခြင်းဖြစ်ပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်မှာ အနီးဝန်းကျင်ကျေးရွာတွေက ဓမ္မစကြာဝတ်ရွတ်အသင်းအဖွဲ့(၁၅)ဖွဲ့က ဝါတွင်း(၃)လ ဥပုသ်နေ့တိုင်း စေတီတော်ကြီးမှာ ဝတ်ရွတ်ပူဇော်ကြမှာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) လည်းဖြစ်၊ စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နေ့လည်းဖြစ်တော့ ဘုရားဖူးပြည်သူတွေနဲ့ အရမ်းကိုစည်ကားလျက်ရှိပြီး ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာ ဖူးမြော်နိုင်အောင်လည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြသူတွေအနေနဲ့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ရဟန္တာငါးရာနဲ့ ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့စဉ်က လုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းများကို လေ့လာခွင့်ရပါမယ်။ ပြီးရင် စေတီတော်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာရှိတဲ့ ရှင်မဟာပုဏ္ဏမထေရ်မြတ်၏ သစ္စာဆေးတော်ကန်နဲ့ စန္ဒကူးပင်တောက တစ်ပင်တည်းသော စန္ဒကူးပင်ကြီးက ထူးကဲအနံ့အရသာ စန္ဒကူးနံ့သာ ထွက်ရှိမှုကို လေ့လာခွင့်ရပါမယ်။ နောက်ပြီး စေတီတော်ကြီးအနီးမှာရှိတဲ့ ငါး/လိပ်ကန်မှာ ကုသိုလ်ပြု အစာကျွေးမွေး လှူဒါန်းနိုင်ပါတယ်ဗျာ့။ ခုလိုဘုရားဖူးလာတဲ့သူတွေများတော့ ဒေသခံဈေးသည်တွေနဲ့ ဘုရားပွဲတော်ကို ဈေးလာရောင်းကြတဲ့ဈေးသည်တွေ ဈေးရောင်းကောင်းပြီး လုပ်ငန်းအဆင်ပြေကြပါတယ်” အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုးက ပြောပြသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရဟန္တာငါးရာဖြင့် ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် စေတီတော်မြတ်ကြီးဖြစ်၍ ယခုလို နေ့ထူးနေ့မြတ်ရက်များနှင့် ပွင့်လင်းရာသီချိန်များတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များက စိတ်ဝင်တစား လာရောက်ဖူးမြော်ကြသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)