ဆင်ပေါင်ဝဲ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သောဆန်များအား ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ညံတောအင်းကျေးရွာ၊ ရွှေမောင်းစွန်းကျေးရွာ၊ ငန်းပြားကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျောက်ချက်ကျေးရွာ၊ မွှန်းညောင်ပင်သာကျေးရွာ၊ ကန်လှကျေးရွာ၊ အလယ်ကန်ကျေးရွာ၊ မကြီးကန်ကျေးရွာ၊ ဒဂုံမှော်ကျေးရွာနှင့် ကျွန်းကျေးရွာတို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ရေဘေးသင့်အိမ်ထောင်စု (၃၉၀)စု၊ လူဦးရေ (၁၃၄၀) ဦးနှင့် ဆန်အရေအတွက် (၅၅) အိတ်၊ ၂၀ ပြည် တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးသင့်ရပ်ကွက်/ ကျေးရွာများရှိအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)