မုံရွာတက္ကသိုလ်၌ မြန်မာအက အခြေခံသင်တန်း ဖွင့်လှစ်

မုံရွာ ဇူလိုင် ၂၀

မုံရွာတက္ကသိုလ်အနုပညာအသင်းကကြီးမှူးပြီး မြန်မာအကဝါသနာပါသူ ရွက်ပုန်းသီးလေးများဖော်ထုတ်ပေးရန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုအကပညာကို မြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ မုံရွာတက္ကသိုလ်ရဲ့ ပြုလုပ်တဲ့အခမ်းအနားတွေမှာကပြမယ့် မြန်မာအကအဖွဲ့များအသင့်ရှိနေစေရန်နှင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေမှာ အကပြိုင်ပွဲဝင်သူများတိုးပွားလာစေရန်တို့ရည်ရွယ်ပြီး မြန်မာအက အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက် နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူး ဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ အနုပညာအသင်းအဖွဲ့ဝင်များ၊ အကပညာရှင်ဆရာမများနှင့်ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ သင်တန်းသူများက တေးသရုပ်ဖော်အကနှင့်ကပြဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး မုံရွာတက္ကသိုလ် အနုပညာအသင်းနာယက ခေတ္တပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသန်းသန်းဝင်းက အသက်အရွယ်အစုံ၊အနုပညာအတွေ့အကြုံအစုံဖြစ်ပြီး ဝါသနာတူများပါဝင်တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အခုအကသင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် အကပညာရပ်များကို အလေးထားကြိုးစားသင်ယူသွားကြပါလို့ တိုက်တွန်းပြောကြားပြီးနောက် မုံရွာတက္ကသိုလ်အနုပညာအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးအေးဝင်းက မြန်မာအက အခြေခံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာအက အခြေခံသင်တန်းသူများ၏ အခြေခံကဗျာလွတ်အက(၁၀)ကွက် သရုပ်ဖော်ကပြမှုအားကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ မြန်မာအက အခြေခံသင်တန်းတွင် အကပညာရှင်ဆရာမများက မုံရွာတက္ကသိုလ်ရှိ ဘာသာရပ်ပေါင်းစုံမှဆရာမများနှင့်ကျောင်းသူများ စုစုပေါင်း(၁၀၇)ကို အခြေခံကဗျာလွတ်အကအား ဇူလိုင်လ (၁၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ ရက်သတ္တ(၂)ပတ်ကြာ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်သည့်အပြင် ပုဂံအက၊ အပျိုတော်ယိမ်းအကနှင့် တိုင်းရင်းသားရိုးရာအကများကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)