ဘောလခဲ နိုဝင်ဘာ ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့် ရေး(၁၆)ရက်တာ လှုပ်ရှားမှုအကြို ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာမြို့နယ်အဆင့် အမျိူးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အဖွင့်အမှာ စကားပြောကြားရာတွင် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့မှစပြီး အမျိုးသမီးများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သောနေ့ကို မွန်ထရီနိုင်ငံတော်အောက်မေ့ဖွယ်နေ့နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အရေးယူဆောင်ရွက်ခဲ့သည့်နေ့အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ်၄၈/၁၀၈ ဖြင့် အမျိုး သမီးများအား အကြမ်းဖက်မှု လျှော့ချရေးကြော်ငြာချက်ကို ထုတ်ပြန်ခြင်းနှင့် ၁၉၉၃ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၅၄)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အမှတ် ၅၄/၁၃၄ ဖြင့် နိုဝင်ဘာ(၂၅)ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများရဲ့ အကောင်းဆုံးအကျိုးစီးပွားကို မေတ္တာ၊ စေတနာ၊ ကရုဏာ၊ အကြင်နာတို့ဖြင့် ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ပိုမိုအာရုံစိုက် ပူးပေါင်းဆောင်ရွက်ကြပြီး မိမိတို့ အစွမ်းရှိသ၍ ပါဝင်ကြိုးပမ်းဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်မှ လုပ်ငန်း လမ်းစဉ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကော်မတီဝင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ပညာရေးမှူးနှင့် ကော်မတီဝင်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လှရွှေ