ကျိုက်လတ် ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ မြို့ကျက်သရေဆောင် တိလောကမာရဇိန်မြတ်စွာ ဘုရားကြီးတွင် ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ နံနက် ၈ နာရီခန့်က (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ပန်းဆက်ကပ်လှူဒါန်းပွဲ နှင့် စတုဒိသာနိဗ္ဗာန်ဈေးပွဲတော် ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဇေတဝန်ကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာကြသည့် ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းနှင့် စတုဒိသာအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဇေတဝန်ကျောင်းတိုက်ဆရာတော်က အနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓ သာသနံစိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိလောကမာရဇိန်မြတ်စွာဘုရားကြီးကို ဆက်ကပ်လှူဒါန်းမည့် ဝါဆိုသင်္ကန်းနှင့် ပန်းများကို ဓမ္မိကာရုံကျောင်းတိုက်ဆရာတော် ဥူးဓမ္မပိယ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဝေယျာဝစ္စ လူငယ်များ၊ ဘုရားဖူးလာသူများက တိလောကမာရဇိန်မြတ်စွာဘုရားကြီးအား လက်ယျာရစ်သုံးကြိမ်ရစ်ပတ် ပူဇော်ပြီး တိလောကမာရဇိန်မြတ်စွာဘုရားကြီး၊ နောင်တော်ကြီးဘုရား၊ ကိုးဆူဘုရားနှင့် ငါးဆူဘုရား၊ ရွှေသာလျောင်းဘုရားတို့အား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဘုရားဖူးမိဘပြည်သူများတို့အား အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြပြီး ကံစမ်းမဲများ ဖောက်ပေး၍ မျိုးမင်းပိုင်တေးဂီတအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)