ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ(အထူးဒေသ)၌ ယာယီနေရပ်စွန့်ခွာလာသည့်ပြည်သူများအတွက် အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

လှိုင်းဘွဲ ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က မြိုင်ကြီးငူအထူးဒေသ အ.ထ.က(ခွဲ)ကျောင်း၊ စုံချစ်မြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များကွပ်ကဲရေးနှင့်   ဗဟိုအကြံပေးရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ထူး၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လှိုင်းဘွဲမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာသည့် အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာရင်း ပညာဆက်လက်မသင်ကြားနိုင်သည့်ကလေးများ ပညာဆက်လက်သင်နိုင်ရေးနှင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများကို ကြိုတင်သတိပြုကာကွယ်ကြရန် မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု(၁၆၅)စု၊ လူဦး‌ရေ(၇၄၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကို ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကအား ဝင်ရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများနှင့်ဝတ္တုငွေကို ဆက်ကပ်လှူဒါန်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည်များကို မေးမြန်းလျှောက်ထားခဲ့ကြပြီးနောက် ‌ဒေသနေပြည်သူများအတွက် လိုအပ်သည့် ရပ်ကွက်အတွင်းရှိ ဆိုလာလျှပ်စစ်မီးတိုင်စိုက်ထူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယာယီနေရပ်စွန့်ခွာပြည်သူများသည် မြိုင်ကြီးငူအထူးဒေသသို့ ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့ကတည်းက စတင်ရှောင်ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ယခင်ကလည်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သော ဆန်၊ ဆီ၊ ကြက်ဥနှင့်ခေါက်ဆွဲခြောက်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ယခုတစ်ကြိမ်မှာ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေသံလွင်ဝေနိုင်(ပြန်/ဆက်)