ကယားပြည်နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အား ပြည်နယ်ဝန်ကြီးချုပ်မှ သွားရောက်ဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၁၉

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ ပြည်နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကနှင့် ပြည်နယ်သံဃာ့နာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တသီဟနန္ဒတို့အားသွားရောက် ဖူးမြှော်ကြည်ညိုခဲ့ပြီး ပြည်နယ်အတွင်းရှိ သံဃာတော်များ ဝါတွင်းကာလအဆင်ပြေစွာသီတင်းသုံးနိုင်ရေး၊ ပရိယတ္တိစာသင်တိုက်များ ဖွင့်လှစ်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာများအား လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွှေကျောင်းပရိယတ္တိ စာသင်တိုက်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မင်းကျောင်းပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သံဃာဆောင်များနှင့် တိုးချဲ့ဆွမ်းစားဆောင်တို့အား အမိုး၊ မျက်နှာကျက်အသစ် တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ ပျက်စီးနေသော မှန်ပြတင်းများလဲလှယ်ခြင်း၊ မူလသစ်သား အကာအား အုတ်နံရံအစားထိုးကာရံခြင်းလုပ်ငန်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

လွိုင်ကော်မြို့နယ်အတွင်း ဆက်သွယ်မှုစနစ်များ ပိုမိုကောင်းမွန်စေရေးအတွက် ဆက်သွယ်ရေးတာဝါတိုင်များပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ဆက်သွယ်ရေးတာဝါတိုင်(၁၀)တိုင်အား အသုံးပြုနိုင်ပြီဖြစ်ပြီး ကျန်ရှိသော တာဝါတိုင်များအား ပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝါတိုင်များ ကြံ့ခိုင်မှုရှိစေရေးနှင့် စွမ်းအားပြည့်လည်ပတ်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မင်းစုရပ်ကွက်အတွင်းရှိ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ရပ်ကွက်အတွင်းနှင့် မင်းကျောင်းကန်ပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေးတို့အတွက် ရပ်ကွက်နေပြည်သူများ၊ ရပ်မိရပ်ဖများနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ လက်တွဲညီညီဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့မှ တောင်ကြီးမြို့သို့ ပြေးဆွဲမည့် မော်တော်ယာဉ်လိုင်းများ၏ ယာဉ်စုရပ်နေရာသို့သွားရောက်၍ ခရီးသွားပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ပြည်သူများ စိတ်အေးချမ်းစွာ ခရီးသွားလာနိုင်ရေး၊ လမ်းခရီးအဆင်ပြေချောမွေ့မှုရှိစေရေး၊ ယာဉ်စီးခများ သတ်မှတ်နှုန်းထား ကျော်လွန်ကောက်ခံမှုမရှိစေရေးမှာကြားခဲ့သည်။ ယခုအခါ လွိုင်ကော် - ဆီဆိုင် - တောင်ကြီးသို့ မော်တော်ယာဉ်လိုင်း(၇)လိုင်း ပြေးဆွဲနိုင်ပြီဖြစ်ပြီး ကျန်ရှိသည့်မော်တော်ယာဉ်လိုင်းများအား ထပ်တိုးပြေးဆွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာ အဆောက်အဦများအား သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ အမြန်ဆုံးပြန်လည်နေရာချထားနိုင်ရေးအတွက် တာဝန်ရှိသူများမှ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ရာများအား ကနဦးစစ်တမ်းကောက်ယူပြီးဖြစ်သဖြင့် ဦးစားပေးအဆင့်အလိုက် ပြန်လည်ပြုပြင်နိုင်ရေး၊ စုပေါင်းဝန်ထမ်းအိမ်ရာဝန်းအတွင်း ရေ၊ မီးရရှိရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)