မော်လမြိုင်ကျွန်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကွမ်းခြံချောင်းကျေးရွာ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန ဦးအရာရှိ ဒေါ်ဇာဇာလင်းနှင့် ဝန်ထမ်းများက ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီအရာရှိ ဦးမျိုးဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများပူပေါင်းပါဝင်မှုဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ သဘာဝဘေးဒဏ်ခံရသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခြင်း၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို သရုပ်ပြခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)