မြဝတီမြို့၌ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲ ကျင်းပ

မြဝတီ ဇူလိုင် ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အခွန်အထောက်အကူပြုအဖွဲ့မှ မြို့နယ်အတွင်းရှိ ဘဏ်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေများနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာမြဝတီမြို့နယ်အခွန်အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဦးက လုပ်ငန်းရှင်များအနေဖြင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း/ ဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်းရည်ရွယ်ချက်၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏  လိုက်နာကျင့်သုံးလျက်ရှိသည့် အခွန်ဆိုင်ရာဥပဒေများ၊ ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာများ၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်များ၊ သတ်မှတ်ချက်များနှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ပါက ပျက်ကွက်မှုအတွက် ဒဏ်ကြေးငွေပေးဆောင်ရမည့် သတ်မှတ်ချက်များနှင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို အသေးစိတ်ရှင်းလင်းပေးသည်။

ထို့နောက် အခွန်ဆိုင်ရာဥပဒေရှင်းလင်းပွဲသို့ တက်ရောက်ကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ရှင်းလင်းပေးပြီး “ပြေစာအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ” လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း