ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၄)နာရီက ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားသည့် နှင်းရည်ဆမ်းသောပန်းကလေးများ စာအုပ်ပါလဲကျရင်ပြန်ထဆောင်းပါးနှင့် ပျော်ရွှင်မှုဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် ဘဝဟူသည် ခက်ခဲကြမ်းတမ်းမှုနှင့် ပြည့်နှက်နေပါကြောင်း၊ ဘဝတစ်လျှောက်လုံး ရွှေထီးချည်းဆောင်းနေရသူ မရှိသလောက်ရှားပါးကြောင်း၊ ဆုံးရှုံးမှုများရင်ဆိုင်ရလျှင် စိတ်မပျက်​ဇွဲမလျှော့ဘဲ လဲကျလျှင် မာန်တင်းကာ ပြန်ထပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းရမည်ဖြစ်​ပါကြောင်းနှင့် မိဘနှင့်သားသမီးဖွဲ့စည်းထားသော မိသားစုတွင်လည်းကောင်း၊ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေအပေါင်းအသင်းများဖြင့် မေတ္တာဓာတ်နှောင်ဖွဲ့ထားရှိကြမည်ဆိုလျှင် ​ ပျော်ရွှင်မှုသည် အဝေးတစ်နေရာသို့ သွားရှာရန်မလို​ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း